မတ္တရာမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မတ္တရာ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများအနေဖြင့် မဲဆန္ဒရှင်များ မကျန်ရှိစေရန် အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဲရုံလုံခြံရေး၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မဲရုံများ ရွှေ့ပြောင်းနိုင်ရေးအတွက် အရံမဲရုံနေရာများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုလည်း ကြိုတင်တွက်ဆထားရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးကျော်နိုင်မှ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး မှတ်ပုံတင်မရှိသူများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မှတ်ပုံတင်များ ပြုလုပ်လိုပါက မိမိတို့ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး ဦးစီးအရာရှိ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)