သရက် စက်တင်ဘာလ ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၃၉၉၅)ဦးအား ပထမအကြိမ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ပြီးသတ်မှတ်နေရာများဖြစ်သော ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက် ရှိသည်။ သရက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၉၀၀ လုံး ထပ်မံ ရရှိထားပြီး ဆေး တစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၉၅၀၀ ဦးကို ကာကွယ်ဆေးများထိုးနှံ ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ မြို့နယ်အတွင်းမှ လူဦးရေ (၃၉၉၅) ဦးအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများ အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)