မင်းလှ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီချိန်မှ ၁၀ နာရီအချိန်ထိ မြို့ဝင်/မြို့ထွက်နေရာများ၌ မြို့တွင်းသို့ဝင်ရောက်လာသူများ အား ကိုဗစ်ရောဂါ ပိုးရှိ/ မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတို့ ပူပေါင်းကာ မြို့ဝင်နေရာ ဖြစ်သည့် ထောက်ကြံကွင်း (အမ်) ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်နှင့် မြို့ထွက်နေရာဖြစ်သည့် လမ်းမတော်အနောက် ကိုဗစ် စစ်ဆေးရေးဂိတ်တို့တွင် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ဝင်ရောက်လာသူများကို RDT Test kit ဖြင့် စစ်ဆေးပေးခဲ့သည်။
အဆိုပါစစ်ဆေးရာတွင် ထောက်ကြံကွင်း(အမ်)ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် (၁၈၅) ဦးအနက် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး လမ်းမတော်အနောက် ကိုဗစ်စစ်ဆေးရေးဂိတ်တွင်(၁၅၅) ဦး အနက် (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများကို မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ