မင်းဘူး စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာနယ်မြေ မီးသတ်စခန်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၅၀)ကျော်ဖြင့် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းအားလုံး (၄၅) ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။
ရွာသာယာနယ်မြေ မီးသတ်စခန်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်နေပြီး သတ်မှတ်အရည် အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နယ်မြေမီးသတ်စခန်း နှစ်ထပ်ဆောင်မှာ (၄၅ x ၅၀ x ၂၆) ပေကျယ်ဝန်းကာ RC (၂)ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၁၅၀.၉၉) ကျပ်သန်းဖြင့် ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းကာလမှာ (၂.၇.၂၀၂၁) ရက်မှ (၃၀.၉.၂၀၂၁) ရက်နေ့အထိ ဖြစ်ပြီး GEO OMEGA Myanmar ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေကြောင်း၊ ယနေ့အထိ လုပ်ငန်းအားလုံး (၄၅) ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးတင့်ဝေ ကပြောသည်။
မောင်မောင်(မင်းဘူး)