တာချီလိတ် ဩဂုတ် ၁၅
တာချီလိတ်မြို့တွင် (၇.၉)ကီလိုမီတာအရှည်ရှိ မြို့ပတ်လမ်း တိုးချဲ့ဖောက်လုပ်သွားရန် လမ်းနယ်နမိတ် သတ်မှတ် နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့်တောင်သူများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့ပတ်လမ်းသည် တာဝေမီးစက်လမ်းဆုံမှ တာချီလိတ်-မိုင်းဆတ်သွား မော်တော်ကားလမ်း၊ စန်းလုရွာသွား လမ်းဆုံအနီးသို့ ဖောက်လုပ်ထားပြီး (၇.၉)ကီလိုမီတာ ရှည်လျားကာ လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိသော်လည်း လမ်းနယ်ကျဉ်းမြောင်းခြင်းနှင့် လမ်းသားပျက်စီးခြင်းကြောင့် လုံလောက်သောလမ်းနယ် သတ်မှတ်ကာ မြို့ပတ်လမ်းအား အဆင့်မြင့်တင် ဖောက်လုပ် သွားနိုင်ရန်အတွက် တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးမှ အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့ပတ်လမ်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လမ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းလင်းပြခြင်း၊ တောင်သူများမှ သိလိုသည်များကို ရှင်းလင်းပြခြင်းနှင့် တင်ပြချက်များကို ဆွေးနွေး ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)