ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား ကျေးရွာအရောက် အသိပညာပေး နှိုးဆော်

ဖြူး  စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး တစ်ဦးတစ်‌ယောက်ချင်းစီ တိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ မြို့ပြင်လမ်းတစ်လျှောက် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ လူစုလူဝေး မပြုလုပ်ကြပါရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စများကြောင့် အပြင်သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန် စသည့် ကူးစက်ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် စက်တင်ဘာ(၁၉)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၄)ဦး ထပ်မံတိုးပြီး ယနေ့ထိ စုစုပေါင်း  အတည်ပြုလူနာ(၁၂၇၇)ဦး၊  သေဆုံးသူမှာ(၇၅)ဦးအထိ ရှိကြောင်း လက်ရှိအခြေအနေအရ ပိုးတွေ့ရှိမှု လျော့နည်းလာသော်လည်း တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်