ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ဖာပွန် စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များအား မြန်မာဘာသာ၊ စကောကရင်ဘာသာများဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက်၍ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင် ခင်ထွန်းနှင့် ဝန်ထမ်းများက အသိပညာပေး ကြေညာချက်များ ဆောင်ရွက်ရာတွင် ဒေသအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်၌သာနေထိုင်ရန်၊ အိမ်တွင် ဧည်သည့်များလက်ခံခြင်း လုံးဝမပြုလုပ်ရန်၊ အိမ်အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျမပျက်မကွက်တပ်ဆင်ရန် ၊ အိမ်တွင်  အသက် (၆၅)နှစ် အထက်အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ အခံရှိ သူများရှိပါက ထိုသူများအား နှာခေါင်းစည်း (Mask)ကို တပ်ဆင် ထားစေခြင်း၊   လူစုလူဝေးရှိရာ လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်း များကို ဆက်လက်လိုက်နာရန်၊ စျေးရောင်းသူများအနေဖြင့်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင် ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)