ပုဂံ ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ၂၀၂၀ပြည့်နှစ်၊ ကြယ်လိပ် သားပေါက်ရာသီ၌ ကြယ်လိပ်မ (၁၃၇)ကောင်က မြေကြီးတွင် ကျင်းတူးပြီး ဥထားသောဥကျင်း (၄၁၄)ကျင်းထဲရှိ ဥ(၃၂၀၅)လုံးအနက်မှ အချိန်ကျရောက်သော်လည်း လိပ်ငယ်များ သဘာဝအတိုင်း ထွက်လာခြင်းမရှိသော ဥကျင်းများကို တူးဖော်၍ ရရှိသော ဥကောင်းဥသန့်များကို မြေကြီးထည့်ထားသည့် သေတ္တာအတွင်း ပြန်မြှပ်၍ထားခဲ့ပြီး ယင်း မြှပ်ထားသော ဥများကိုနေ့စဉ်ပုံမှန် စစ်ဆေးခဲ့ရာ ဇူလိုင်လ၃၀ရက်နေ့ တွင်၄င်းတို့ထဲမှဥတစ်လုံးတွင် သန္ဓေသားအောင်ပြီး ဥခွံကိုခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ် အမွှာပူးလေးဖြစ်နေသည်ကို တွေ့ရှိရကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကပြောပြသည်။
အမွှာပူးလေးရှိသောဥအား ညင်သာစွာယူဆောင်ပြီး ဥအခွံအား ဖယ်ရှားကြည့်လိုက်သည့်အခါ ယင်းကြယ်လိပ်ငယ် နှစ်ကောင်သည် သီးခြားတစ်ကောင်စီဖြစ်နေခြင်း မဟုတ်ပဲ ရင်းချင်းဆက် အမွှာပူးလေး ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရကြောင်း၊ ၂၀၁၇ခုနှစ်ကလည်း တစ်ကြိမ် ယခုကဲ့သို့ ရင်ချင်းဆက် ကြယ်လိပ်အမွှာ တွေ့ခဲ့ရဖူးကြောင်း၊ တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာတင့်လွင်မှ ခွဲစိတ်ပြီး သီးခြားစီဖြစ်အောင် ဆောင်ရွက်ပေးခဲ့ရာ၊ အောင်မြင်သော ခွဲစိတ်မှုကိုရရှိခဲ့ဖူးကြောင်း၊ သို့သော် ယခုအခါ တိရစ္ဆာန်ဆေးကု ဆရာဝန်မှာလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် မန္တလေးမှလာရောက်ရန် အခက်အခဲရှိနေသည့်အတွက် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူးမှ အတွေ့အကြုံကို အခြေခံကာ ဦးရွှေဌေးအောင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများနှင့်အတူ ခွဲစိတ်ခြင်းမပြုလုပ်ပဲ၊ ချက်ကို ဆေးထည့်၍ ကျက်စေသောနည်းဖြင့်၊ စနစ်တကျပြုစု စောင့်ရှောက်ခဲ့သည့်အတွက် (၃)ရက် အကြာတွင် ရင်ခြင်းဆက် ကြယ်လိပ်အမွှာကို အသက်စေဆုံးခြင်းမရှိစေပဲ သီးခြားစီဖြစ်သွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ် ပေးနိုင်ခဲ့ခြင်းမှာလည်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကြယ်လိပ်ခြံအတွက် အတွေ့အကြုံသစ် တစ်ခုရရှိပြီး အောင်မြင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ဦးရွှေဌေးအောင်က ဆက်လက် ရှင်းပြသည်။
အဆိုပါ ကြယ်လိပ်ရင်ချင်းဆက်အမွှာသည် ကျောခွံအလျား (၄)စင်တီမီတာခန့်နှင့် အလေးချိန် (၂၀)ဂရမ် ခန့်စီရှိပြီး သီးခြားတစ်ကောင်စီ ဖြစ်သွားခြင်းကြောင့် လွတ်လပ်စွာနေထိုင် စားသောက်နိုင်စေရန် ပို၍ကျယ်သော မြေပြင်တွင် အကန့်ပြုလုပ်ပေးပြီး၊ လတ်တလောတွင် ချက်များမကျက်သေးသည့်အတွက် ပွတ်တိုက်မှုဖြစ်ပါက နာကျင်မှုမဖြစ်စေရန် ငှက်ပျောဖတ် (ဖက်)ပေါ်တွင် ထားပေးထားရသည်။
ဆေးကိုတစ်ရက် (၂)ကြိမ်ထည့်ပေးခဲ့ရပြီး တစ်ပတ်ခန့်ကြာသောအခါ မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာ တင့်လွင် ရောက်ရှိလာကာ စနစ်တကျ ဆေးကုသပေးခဲ့ခြင်းကြောင့် အနာကျက်သွားပြီး ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေပြီဖြစ်သည်။
ယခုအခါ နှစ်လသားကျော်နေပြီဖြစ်ကာ အစားအစာများကိုလည်း ကောင်းမွန်စွာ စားသောက်နိုင်ကာ ကြယ်လိပ်အမွှာ ကျန်းမာလျက်ရှိနေကြောင်း၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင်ကြယ်လိပ်အမွှာ နှစ်စုံရှိနေပြီဖြစ်ကြောင်း သိရပြီး ကြယ်လိပ်များသည် မြန်မာတစ် နိုင်ငံထဲသာရှိသည့် ရှားပါးမျိုးစိတ် ဖြစ်ကြောင်း သိရသည်။
ကိုထိန် ညောင်ဦးခရိုင် (ပြန်/ဆက်)