ပွင့်ဖြူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ပြီး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာ ယနေ့တွင် ကာကွယ်ဆေးထိုးနှံရမည့် ဒေသခံပြည်သူ ၅၀၀၀ အား အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄) နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄) နာရီအထိ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ ဆေးထိုးစုရပ်(၄)နေရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေပေါင်း ၃၅၅ ဦး ရှိကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက ဆေးထိုးစုရပ် အသီးသီးတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးရန် ဆေးပုလင်းအလုံးရေ ၁၀၀၀ ရရှိခဲ့ပြီး ဆေးပုလင်းတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုး နှံပေးရမည့် သတ်မှတ်လူဦးရေ ၅၀၀၀ အား ယနေ့တွင် အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )