ကျောက်ဖြူ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိပြည်သူများကို ယနေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား စာရင်းမှတ်တမ်းရေး သွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းနေ အာရှခါတူက“ အဒေါ်ရဲ့အသက်က ၅၉ နှစ်ရှိပါပြီ၊ ဒီဆေးကာကွယ်ဆေးကို ထိုးထားတဲ့အတွက် ကိုဗစ် ရောဂါကို ကာကွယ်နိုင်တယ်၊ သေဆုံးမှုလည်း လျော့နည်း နိုင်တယ်လို့ သိထားပါတယ်၊ ဒါကြောင့် ဒီကာကွယ်ဆေးကို လာရောက်ထိုးနှံတာဖြစ်ပါတယ်၊ အဒေါ်တို့ရဲ့ ဒီကျောက်တစ်လုံး IDPs Camp ကို လာရောက်ပြီးတော့မှ ဆေးထိုးပေးကြတဲ့ ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေရယ်၊ နိုင်ငံတော်ကအကြီး အကဲတွေကို အထူးဘဲ ကျေးဇူးတင်ပါတယ် ဝမ်းလည်းဝမ်းသာမိပါတယ်၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိသွားပါတယ်၊ နောက်ထပ် ဒုတိယတစ်ကြိမ် ထိုးနှံတဲ့အခါမှာလည်း ဒီ Camp မှာနေတဲ့သူတွေကို လာရောက်ထိုးနှံကြဖို့ အဒေါ်အနေနဲ့ နှိုးဆော်ပေးသွားပါမယ်” ဟု ပြောကြားသည်။
အဆိုပါ IDPs Camp တွင် ခိုလှုံနေပြည်သူ ၁၀၀၈ ဦးနေထိုင်လျက်ရှိပြီး စက်တင်ဘာဘ ၁၇ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၂၈၅ ဦးရှိကြောင်း ၎င်း IDPs စခန်းတာဝန်ခံထံမှ သိရသည်။
“ဦးလေးတို့ ဒီ IDPs Camp ထဲမှာ ခိုလှုံနေသူက ၁၀၀၈ ဦးနေထိုင်လျက်ရှိပါတယ်၊ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးတာကတော့ မတ်လ ၂၃ ရက်နေ့က ကျောင်းဝန်ထမ်း ၁၆ ဦးနဲ့ ဧပြီလ ၇ ရက်နေ့က သူတို့မိသားစုဝင် ၁၂ ဦး၊ ပြီးတော့ သြဂုတ်လနဲ့ စက်တင်ဘာလမှာ အသက် ၆၅ နှစ်အထက်ရှိတဲ့သူတွေကို ထိုးနှံထားပြီးဖြစ်ပါတယ်။ ခုထိုးနှံကြမယ့် အသက် ၁၈ နှစ်အထက်ရှိ တဲ့သူ စာရင်းရှိအနေနဲ့ ၆၄၀ ဦးရှိပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က ၂၃၄ ဦးလာရောက် ထိုးနှံခဲ့ကြပါတယ်၊ ဦးလေး အနေနဲ့ပြောချင်တာကတော့ ဆေးထိုးခွင့်ရတဲ့အချိန်မှာ စခန်းမှာရှိတဲ့သူတွေအကုန်လုံး လာရောက်ပြီး ထိုးနှံစေချင်တယ်၊ ထိုးနှံကြဖို့ကိုလည်း ဦးလေးတို့အနေနဲ့ နှိုးဆော်ပေးလျက်ရှိပါတယ်၊ ဒီကာကွယ်ဆေးကို ထိုးခွင့်ပေးတဲ့ နိုင်ငံတော်က အကြီးအကဲကိုလည်း ဦးလေးအနေနဲ့ အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု အဆိုပါစခန်း တာဝန်ခံ ဦးမော်နီကပြောကြားသည်။
အဆိုပါခိုလှုံရာစခန်းမှ အသက် ၆၅ နှစ်အထက်ရှိ ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအား သြဂုတ်လ ၄ ရက်နေ့မှစ၍ ထိုးနှံပေးထားပြီးဖြစ်ကာ ယခုအခါ အသက် ၁၈ နှစ်အထက်ရှိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကို စက်တင်ဘာလ ၁၇ ရက်နေ့မှစတင်ထိုးနှံ ပေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ဆေးလာရောက်ထိုးနှံသူ ၃၁၂ ဦးရှိကြောင်း၊ ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး