မော်လမြိုင် စက်တင်ဘာ ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့သို့ Oxygen Plant ပေးအပ်လှူဒါန်းခြင်းနှင့် ပြည်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများသို့ အောက်စီဂျင်အိုးများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်များတက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားခဲ့ သည့် ဇူလိုင်လမှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်မားလာကာ မြို့နယ်အသီးသီးတွင်ရှိသည့် ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင် ရောဂါထိန်းချုပ်နိုင်ရေးအတွက် Quarantine Center များကို လျှင်လျှင်မြန်မြန်ဖွင့်လှစ်ပြီး ကန့်သတ်စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ကြောင်း၊ ကုသရေးအနေဖြင့် မြို့နယ်ဆေးရုံများသာမက ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင်ရှိသည့် ဒေသန္တရဆေးခန်း တိုက်နယ်ဆေးရုံများပါ ကုသရေးစင်တာဖွင့်လှစ်ပြီး ရောဂါကုသပေးခြင်းကို ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အလိုက် တိုက်နယ်ဆေးရုံများသို့ အောက်စီဂျင်အိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးမှာ ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသူများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ပြည်နယ်တွင်းအောက်စီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအတွက် ပြည်နယ် အစိုးရ အဖွဲ့သို့ မြန်မာရှင်းရှင်းမက်တယ် ကုမ္ပဏီမှ ကျပ်သိန်း၁၁၀၀ တန်ဖိုးရှိ Oxygen Generator Plant ၁ လုံး ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက်တိုက်နယ်ဆေးရုံများသို့ အောက်စီဂျင်အိုးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများကပေးအပ်ရာ တိုက်နယ်ဆရာဝန်များက လက်ခံရယူပြီး တိုက်နယ်ဆေးရုံများကိုယ်စား ကျိုက္ခမီတိုက်နယ်ဆရာဝန်က ကျေးဇူးတင် စကားပြောကြားသည်။
မွန်ပြည်နယ်အတွင်းအသုံးပြုရန် Mobile Oxygen Generator Plant ၁လုံး၊ တိုက်နယ်ဆေးရုံ ၁၁ ရုံအတွက် ဆေးရုံ ၁ ရုံ လျှင် အောက်စီဂျင်၄၀ လီတာအိုး ၅ လုံးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း ၉ မျိုးတို့အား ထောက်ပံ့ပေးအပ်ကြောင်းသိရသည်၊၊
ဇာဖြူဝင်း