မအီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ

မအီ    စက်တင်ဘာ    ၁၉


 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူ အများသို့ အသံချဲ့စက်ဖြင့်လှည့်လည်အသိပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း စသည့် အသိပညာပေး ဆောင်ရွက်ခြင်းများကို မအီမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဦးဆောင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြ အပ်ပါသည်။


 

ကိုကိုနိုင်၊ အမှတ်(၃)ရပ်ကွက်၊ မအီမြို့


 

ကျွန်တော်ကတော့ မအီမြို့၊ အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ ကိုကိုနိုင်ဖြစ်ပါတယ်။ ကျွန်တော့် အသက်က(၂၈) နှစ်ပါ။ ပြီးခဲ့တဲ့(၂)ပတ်လောက်က ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။ အစကတော့ ကိုဗစ်ကူးတာလို့မထင်မိပါဘူး။ ကိုယ်အပူချိန်တက်ပြီး အိမ်မှာ(၂)ရက်လောက်ဖျားပါတယ်။ ဖျားပြီးနောက်တစ်ရက်မှာ ကျွန်တော့်ဇနီးက သူလည်းအနံ့မရဖြစ်နေတယ်ပြောမှ ကျွန်တော် တို့ရဲ့သားလေးကို ကူးစက်မှာစိုးရိမ်သွားတာနဲ့ မအီမြို့၊ တိုက်နယ် ဆေးရုံမှာ သွားရောက် စစ်ဆေးခံခဲ့ပါတယ်။ တိုက်နယ်ဆရာဝန်က ဆေးရုံတက်လိုက်ပါပြောလို့ ကျွန်တော်တို့တွေ မအီမြို့က တိုက်နယ်ဆေးရုံလေးကို တက်ရောက်ဆေးကုသမှုခံယူခဲ့ပါတယ်။ ဆေးရုံ ရောက်ပြီး ကျွန်တော်တို့ကို ကိုဗစ်လူနာများအတွက် သီးသန့်ကြပ်မတ်ကုသဆောင်မှာထားပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှု၊ စောင့်ရှောက်မှုများကိုလိုက်နာခံယူခဲ့ပါတယ်။ အစား ကောင်းကောင်း စားပြီး အိပ်ရေးဝဝအိပ်ပျော်အောင်ကြိုးစားအိပ်ပါတယ်။ အဲဒီလို ဆေးရုံမှာ (၁၁) ရက်ကြာကျန်းမာရေး စောင့်ရှောက်မှုခံယူပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာတာကြောင့် ဆေးရုံကဆင်းခွင့်ရလို့ အိမ်ကိုရောက်နေပါပြီ။ ကျွန်တော်ပြောချင်တာက ဒီရောဂါဟာ ကိုယ်ခံအားကျလို့ မဖြစ်တာကြောင့် ကိုယ်ခန္ဓာမှာ အားအင်တွေပြည့်နေစေဖို့ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ရယ်နှင့် အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါမယ်။ ကျွန်တော့် မိတ်ဆွေ အားလုံးကို မှာချင်တာကတော့ အခုအချိန်ဟာ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတော်က ဒေသအသီးသီးမှာ အခမဲ့ထိုးနှံပေးနေတဲ့ ကာလဖြစ်တာကြောင့် ကိုဗစ်ကာကွယ်ဆေးကို လမ်းညွှန်မှုများနှင့်အညီ ထိုးဖြစ်အောင်ထိုးကြပါ။ အသွားအလာအနေအထိုင်ကိုလည်း ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အတတ်နိုင်ဆုံးကိုက်ညီအောင် ကြိုးစားသွားလာ နေထိုင်ပေးကြပါလို့ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မကေဇင်အောင်၊ အမှတ်(၁)ရပ်ကွက်၊ မအီမြို့

ကျွန်မကတော့ မကေဇင်အောင်ပါ။ အသက်ကတော့(၂၄)နှစ်ပြည့်ပါပြီ။ မအီမြို့၊ အမှတ်(၁)ရပ် ကွက်မှာနေပါတယ်။ ပြီးခဲ့တဲ့တစ်လနီးပါးက အနံ့မရဖြစ်တာနှင့် စားရတဲ့အစာအရသာ သိပ်မတွေ့တာတွေ ဖြစ်လာတာကြောင့် ကျွန်မတို့မြို့မှာရှိတဲ့ တိုက်နယ်ဆေးရုံမှာ သွားရောက်ပြီး ဆေးစစ်ဆေးမှုခံယူခဲ့ချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံရမှုတွေ့ရှိကြောင်း သိခဲ့ရပါတယ်။ အဲဒါကြောင့် တိုက်နယ် ဆရာဝန်ဒေါက်တာ မင်းနိုင်ကျော်ရဲ့ လမ်းညွှန်မှုဖြင့် မအီမြို့၊ တိုက်နယ ်ဆေးရုံ သီးသန့်ကုသဆောင်မှာ(၁၅)ရက်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုတွေကို အလေးထားလိုက်နာရင်း သူတို့ရဲ့စောင့် ရှောက်မှုတွေနှင့် အစားကောင်းကောင်းစားပါတယ်။ အိပ်ရေးဝဝအိပ်ပါတယ်။ အဲဒီလို လမ်းညွှန်မှုတွေကို စနစ်တကျလိုက်နာရင်း အခုတော့ ကိုဗစ်ရောဂါပျောက်ကင်းပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ အိမ်ပြန်ခွင့်ရခဲ့ပါပြီ။ ရောဂါမရှိတော့လို့ အိမ်ပြန်ရောက် လာရင်းလည်း အားလျော့သလို နွမ်းနယ်သလိုဖြစ်နေတာကြောင့် အားဆေးထိုးဖြစ်ပါတယ်။ အားဆေးထိုးလည်းမသက်သာပါ။ ဒီလိုနဲ့ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်မှုတွေနှင့်အညီ အာဟာရဖြစ်စေတဲ့ အစားအစာတွေကိုပုံမှန်စားရင်း နေပြန်ကောင်းလာပါတယ်။ မိတ်ဆွေ အားလုံးကို ကျွန်မပြောချင်တာကတော့ ကိုဗစ်ရောဂါဟာ စိုးရိမ်တကြီး အလွန်ကြောက် နေစရာမလိုပါ။ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျ အလေးထား လိုက်နာနေထိုင်သွားဖို့ပဲ လိုအပ်ပါတယ်။ ရောဂါပြန်ကောင်းလာလို့ ကျွန်မလို အားဆေးထိုး ချင်သူတွေကိုလည်း မိမိဆန္ဒသဘောအတိုင်းသွားမထိုးဘဲ တတ်သိကျွမ်းကျင်တဲ့ နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အသိပေးဆွေးနွေးပြီးမှ ညွှန်ကြားမှုကိုလိုက်နာစေလိုပါတယ်။ နိုင်ငံတော်က အခမဲ့ ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးကို သတ်မှတ်နှုန်း(၂)ကြိမ်ကို ထိုးဖြစ်အောင် ထိုးကြဖို့နှင့် ကျန်းမာရေး ဌာန၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျအလေးထား သွားလာနေ ထိုင်သွားပါက ကိုဗစ်ရောဂါ ကင်းဝေးပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

မောင်မောင်ဌေး(ပြန်/ဆက်)