ရေဦး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္ဓဝေပုလ္လာစာရ အမှူးပြုလျက် ပြည်တွင်းပြည်ပရောက် မြို့နယ်သူမြို့နယ်သားများ၊ ဒေသခံများစုပေါင်း၍ အောက်ဆီဂျင်ထုတ် စက်ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ တတိယပတ်တွင် ရန်ကုန်ဆိပ်ကမ်းမှ တဆင့် ၂၂ ဘီးတွဲကားဖြင့် တင်ဆောင်ကာ ရေဦးမြို့သို့ အောင်မြင်စွာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
" အောက်ဆီဂျင်ထုတ်စက် ထားရှိမည့်နေရာကို စက်မှုလယ်ယာရုံးဝင်းအတွင်း ယာယီထားရှိ သွားမည်ဖြစ်ပါတယ်၊ လျှပ်စစ်မီးယာယီချိတ်ဆက်သွယ်တန်းဖို့ 150 KVA မီးစက်ရုံလည်း တည်ထားပေးပြီးဖြစ်ပါတယ်၊ အောက်ဆီဂျင်ထုတ်စက် စတင်အသုံးပြု လည်ပတ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများ စုံလင်ပါက အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး မြို့နယ်တာ၀န်ရှိသူ တွေနဲ့ ကော်မတီ၀င်တွေ တွေ့ဆုံဆွေးနွေးစီမံချက်ချ လုပ်ဆောင်သွားဖို့ရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသပေးရာတွင် အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမရှိစေရေး၊ လူမျိုးဘာသာမရွေး၊ အရေးပေါ်လူနာများနှင့် လက်ရှိဖြစ်ပေါ် တွေ့မြင်နေကြရသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်ပေးနိုင်တော့မည် ဖြစ်ပါတယ် ဟု ကော်မတီတာဝန်ရှိသူက ပြောပြသည်။
ယခုဝယ်ယူတပ်ဆင်မည့် အောက်ဆီဂျင်ကွန်တိန်နာစက်၏ တန်ဖိုးမှာငွေကျပ်သိန်း ၁၂၀၀ ခန့် နှင့် ဆက်စပ်ပစ္စည်းများအပါအ၀င် ငွေကျပ်သိန်း ၂၀၀၀ ခန့်ကုန်ကျနိုင်ကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်မှုအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့ဆလင်ဒါအိုး အလုံး ၅၀ မှ ၁၂၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းဆိုသည်။
ယခုတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်သည် ရေဦးမြို့နယ်အတွက် ကျန်းမာရေး အထောက်အပံ့ဖြစ်စေမည့် ပထမဆုံး Oxygen Plant တစ်ခုဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)