မင်းဘူး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှမထိုးနှံ ရသေးသော မိဘပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၈ ရက် (ယနေ့) နံနက် ၈ နာရီအချိန်မှ စတင်ပြီး နေရာ(၃)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် နေ့စဉ် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၊ စကု(အ.ထ.က)ကျောင်းနှင့် ရွာသာယာကျေးရွာ (အ.ထ.က)ကျောင်းတို့တွင် သုံးနေရာခွဲ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) အမျိုးအစား ကာကွယ်ဆေးများကို ထိုးနှံပေးနေကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း ပထမနေ့တွင် မိဘပြည်သူများက စိတ်ဝင်တစားဖြင့် လာရောက်ထိုးနှံနေမှုများကို မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးထွန်းထွန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့် ရက်တွင်လည်း မပျက်မကွက် လာရောထိုးနှံပေးကြရန် အားပေးပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွက် ကာကွယ်ဆေးအလုံးပေါင်း (၂၁၀၀)ခွဲတမ်းရရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ယခုတစ်ပတ် လူဦးရေပေါင်း (၁၀၅၀၀)ဦးခန့် ထိုးနှံပေးနိုင်းရေး စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)