ကျောက်တော် စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြသော ဝါးတောင်ကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့်ကန်စောက်ကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကန်စောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်စွာညွှန့်၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သိန်းထွန်းဦး ဦးဆောင်ကာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင်စခန်း မှတာဝန်ခံများ ပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံခြင်း ဖြစ်ပြီး နေပူခံတိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ အဆိုပါတိုက်ပွဲရှောင်စခန်းရှိ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏများအား တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ပြီး ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ယနေ့တွင် ဝါးတောင်တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ(၁၀၀)ဦးနှင့် ကန်စောက် ကျေးရွာတိုက်ပွဲရှောင်စခန်းရှိ ပြည်သူ(၂၀၀)ဦး စုစုပေါင်း တိုက်ပွဲ ရှောင်ပြည်သူ (၃၀၀) ဦးအား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း