ရေစကြို စက်တင်ဘာ ၁၇
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ ည ၉ နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မိုးကြီးမှုကြောင့် ရေစကြိုမြို့နယ်၊ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးအနီး တာပေါင် အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ကျိုး ပေါက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆည်တာပေါင်ကျိုးပေါက်သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော ဦးဆောင်၍၊ အဖွဲ့ဝင် ဗိုလ်မှူး ညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးတင်လတ်နှင့် လုံခြုံရေးအဖွဲ့များ၊ ဌာနဆိုင်ရာများဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ချောင်းကောက်ကျေးလက်ထိန်းဆည်ကို အပြီးသတ်လုပ်ငန်း များ ဆောင်ရွက်နေစဉ် မိုးရေများကြောင့် Conduit အပေါ်ဘက်တွင် ထိပ်ဝအကျယ် ပေ ၃၀ ခန့်၊ အနက် ၁၅ ပေခန့်ရှိသော မြေသားကျိုးပေါက်ခဲ့မှုကြောင့် အညာတောကျေးရွာရှိ တဲအိမ်များအတွင်း၌ ရေ ၃ ပေခန့် ဝင်ရောက်ခဲ့ပြီး တဲများ၌နေထိုင်၍မရတော့သဖြင့် နေအိမ်များ၌သာ ဆက်လက်နေထိုင်စေရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးကျိုးပေါက်ခဲ့သဖြင့် တဲ ၄၀ လုံး၊အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ကျား ၉၇ ဦး၊ မ ၁၀၃ ဦး၊ ပေါင်း ၂၀၀ ဦးတို့သည် အညာတောကျေးရွာအတွင်းရှိ ၎င်းတို့ပိုင်နေအိမ်များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ နေအိမ်တဲများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း၊ ချောင်းကောက်ကျေးလက်ထိန်းဆည် ကျိုးပေါက်မှုကြောင့် တန်ဖိုးငွေကျပ် ၁၀ သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ၎င်းကျိုးပေါက်မှု အား ဆည်မြောင်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ရန် စတင်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)