အမ်း - စက်တင်ဘာလ ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တတိယအသုတ် အနေဖြင့် အသက်(၅၅)နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီ သူများအား စက်တင်ဘာလ(၁၇)ရက် နံနက်(၈)နာရီအချိန် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၉)နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၉၇၄)လုံးရရှိပြီး တစ်လုံးလျှင်(၅)ဦးနှုန်း ဖြင့် လူဦးရေ(၄၈၇၀)ဦးအတွက် ဒုတိယနေ့အဖြစ် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင် ရာတာဝန်ရှိသူများသွားရောက်၍ လိုအပ်သည့်အကူအညီများဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူများတွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ နာတာရှည် ရောဂါဖြင့် ကျန်းမာရေးမကောင်းသည့် သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းသူများ ဦးစား ပေးအုပ်စု အဖြစ်ပါဝင်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက် အရွယ်အ လိုက် အုပ်စုများခွဲကာ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျဆေးထိုးနှံ ခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာ အနားယူပြီးမှပြန်ခွင့်ပြုခြင်းတို့ကို မြို့နယ်ကျန်းမာ ရေးဝန်ထမ်း များမှ ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ဝင်းအိမွန်