တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ရွေ့လျားဈေးကားများဖြင့် လှည့်လည် ရောင်းချပေး

တိုက်ကြီး စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း များ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အခြေခံ စားသောက်ကုန်များကို ရွေ့လျား ဈေးကားများဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ တိုက်ကြီးမြို့နယ် ဈေးရပ်ကွက်၊ မြို့လယ်လမ်း၊ မြို့မဈေးနှင့် ပိတောက်ဝါရှေ့တို့တွင် ဆန်ချော ၅ ပြည် တစ်အိတ်လျှင် ငွေကျပ် (၈၅၀၀) ကျပ်နှုန်းဖြင့် (၂၀၀) အိတ်၊ ဆန်ကြမ်း ၅ ပြည် တစ်အိတ်လျှင် (၅၀၀၀) နှုန်းဖြင့် (၂၀၀) အိတ်၊ ဆီ ၅၀ သား တစ်ဘူးလျှင် ငွေကျပ် (၁၈၅၀) နှုန်းဖြင့် (၄၀၀) ဘူး၊ ကြက်ဉ ၁၀ လုံးပါ တစ်ကတ်လျှင် (၁၁၀၀) နှုန်းဖြင့် (၄၀၀) ကတ်တို့ကို ရောင်းချပေးခဲ့သည်။

အဆိုပါ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျဝယ်ယူ ရောင်းချနိုင်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)