ပင်လုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျှော့နည်းစေရေး အတွက် ယနေ့ နံနက်(၉:၀၀)နာရီအချိန်ခန့်က ရပ်ကွက်များအတွင်းတွင် အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာပေးလျှက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျှော့နည်းစေရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအား သိရှိလိုက်နာစေရန် ပင်လုံမြို့ ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်များဖြင့် မိမိတို့ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုဖြစ်နေပါသဖြင့် လူအများ ဒုက္ခ ဆင်းရဲများ ဖြစ်ကြပြီး သေဆုံးမှုမြှင့်မားလျှက်ရှိပါကြောင်းနှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် အလွန် အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါရောဂါကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ် တောက်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံစကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးဖြင့် သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်နှင့် မကြာခဏ လက်ဆေးရန်၊ လက်မဆေးခင် ပါးစပ် နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ် ထိတွေ့ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ကြဉ်ရန်၊ မိမိတို့နေအိမ်များကို ပြုတင်းတံခါးများဖွင့်ပြီး လေဝင်လေ ထွက်ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွင်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို အပြင်တွင် စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ ရောဂါကူးစက်ခံရပြီဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူကြပါရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း မပျက်မကွက် လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာ ကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးမှု (၃)ဦးရှိပြီဖြစ်ကြောင်းတို့ကို (ရှမ်း၊ ပအိုဝ်း၊ မြန်မာ) ဘာသာစကားများဖြင့် အသိပေးနိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပင်လုံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီသည် နေ့စဉ် နံနက် (၁)ကြိမ်၊ နေ့လယ်(၁)ကြိမ်၊ ည(၁)ကြိမ် ပင်လုံမြို့ဈေးပတ်ဝန်းကျင်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩ အသိပညာပေးနှိုးဆော်ပေးလျှက်ရှိကြောင်းနှင့် ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အထောက်အကူပြုကော်မတီနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ ပြန်/ဆက်