ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

မိုင်းကိုင် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm မထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ထပ်မံရရှိလာသောကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး အရေအတွက်အပေါ် မူတည်၍ သတ်မှတ်ဦး တည်အုပ်စုများဖြစ်သည့် အသက် ၅၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ဘုန်းကြီး၊ သီလရှင်နှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာလုပ်အားရှင်များ၊ ပရဟိတများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများ၊ တည်းခိုခန်းနှင့် စားသောက် ဆိုင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ဈေးသည်ဈေးဆိုင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများကို ဦးစားပေး ထိုးနှံပေး သွားမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအရ မြို့ပေါ်ရပ်ကွက် (၅)ခု၊ ဆင်ခြေဖုန်းရှေ့၊ ဆင်ခြေဖုန်းမြောက်ရှိ ပြည်သူများကို ဆေးထိုးစု ရပ် (၃)နေရာခွဲ၍ လည်းကောင်း၊ ကျန်ရှိ ကျေးရွာအုပ်စုများကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာ ရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် စုရပ်ထား၍လည်းကောင်း ကာကွယ်ဆေးများကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီမှစ တင်၍ ဆေးထိုးစုရပ် အသီးသီးတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည့်ဖြိုးမောင် (မိုင်းကိုင်)