လွိုင်လင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိက လိုက်နာရမည့် အချက်များဖြစ်သည့် တတ်နိုင်သမျှ မိမိတို့နေအိမ်၌သာ နေထိုင်ကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ လက်ကို ဆပ်ပြာနှင့် လက်သန့်ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာစနစ်တကျဆေးကြောရန်၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း(Masks)များ တပ်ဆင်ကြရန်၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် မောပန်းခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်းများ ခံစားလာရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ဆေးကုသမူခံယူကြရန် စသည့် အချက်များအား မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များအပေါ် NUG/PDF တို့၏ အကြမ်းဖက်နှောင့်ယှက်နေမှုများအား (ရှမ်း၊ ပအိုဝ်း) တိုင်းရင်းသား ဘာသာ စကားများဖြင့် ပြည်သူသို့အသိပေးချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩ ပေးလျက်ရှိကြောင်း သိရသည်။
ခမ်းဦး(လွိုင်လင်)