ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျှက်ရှိ

ကော့သောင်း  စက်တင်ဘာ ၁၈

ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်ရုံအလုပ်ရုံများမှ အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များ၊အသက်(၁၈)နှစ်ပြည့်ပြီးသူများ ၊ အကြောင်းအကြောင်း ကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး ပျက်စီးသူများ၊နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန် ကျန်ရှိသေးသူများအား ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့၊ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီလီမီတက် ၊ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ  စိုက်ပျိုးရေးလုပ်သားများ၊မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း  အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျှက်ရှိရာ ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက် ကျေးရွာများအပါအဝင် စက်ရုံ၊ အလုပ်ရုံများအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ သိရသည်။

ကျော်စိုး (ကော့သောင်း)