ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  မြန်မာ ၊ လားဟူ ဘာသာ နှစ်မျိုးဖြင့် အသိပေးနှိုးဆော်

မုံးထ   စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် ( အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်  ၊ မုံးထမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ မှ စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မီးသတ်ဦးစီး ဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand speaker အသုံးပြု၍ မြန်မာနှင့် လားဟူ ဘာသာ စကား နှစ်မျိုးဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

ဇော်မင်းထွန်း (ပြန် / ဆက်)