မေတ္တာ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင်ယမန်နေ့ည ၆:၅၀ နာရီ အချိန်က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည် ဝင်ရောက် လာကြောင်းသိရသည်။
အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ရသူများဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း၊ ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး Mr-Sucha Sannam က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းကပြောသည်။
အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား (၆၃)ဦး နှင့်အမျိုးသမီး (၄၅)ဦး ၊ စုစုပေါင်း (၁ဝ၈)ဦးတို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ညအိပ် ရပ်နားစေပြီး ယနေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ ဆက်လက်ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။
နန်းခလိုက်(မေတ္တာ)