ပိုင်ကျုံ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉ရောဂါဆိုးကြီးသည် လျင်မြန်စွာ ကူးစက် ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျော့နည်းစေပြီးထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကိုကရင်၊ မြန်မာဘာသာဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က တနင်းသရောကျေးရွာသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျေးရွာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိစေရန်အတွက် မဖြစ်မနေအိမ်တွင်း၌သာ နေထိုင် ပါ၊ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ် နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များလက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြား သူများထံသွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြပါ၊ လက်ကို ဆေးကြော ခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှရှောင်ပါ၊သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံ ရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)