မြိတ် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမအခန်း ကဏ္ဍဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်သမဝါယမအသင်းစုများ ချိတ်ဆက်၍ ပြည်သူများဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချမည့် ဆန်များ မြိတ်မြို့သို့ ယမန်နေ့က ရောက်ရှိ လာခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း မြိတ်ခရိုင်ရှိ သမဝါယမအသင်းစုများမှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည့် ဆန်များကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ်တို့ ချိတ်ဆက်ပြီး ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“သမဝါယအသင်းစုအနေနဲ့ သမဝါယမတာဝန်ယူ၍ ပြည်သူတွေ မည်သူမဆို ဖြန့်ဖြူးရောင်းချမှာ ဖြစ်ပါ တယ်။ ရောက်ရှိလာတာ မြိတ်ခရိုင်အတွက် ဆန်အိတ်(၂၀၀၀)ဖြစ်ပါတယ်။ ဆန်တွေကို မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်က ယူတယ်။ တပ်မတော်ရေ ရေယာဉ်မှ ကူညီပို့ဆောင်ပေးပါတယ်။ ယူတဲ့ ဈေးနှုန်းနဲ့ ဆန် အတင်အချစရိတ်ပေါင်းပြီး သမဝါယမအခန်းကဏ္ဍအနေနဲ့ အမြတ်အစွန်းမယူဘဲ ပြည်သူတွေကို ပြန်လည်ဖြန့်ဖြူး ရောင်းချပေးမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းမင်းက ပြောသည်။
ကိုဗစ်ကာလအတွင်း ပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည့်ဆန်များ ရောက်ရှိသယ်ယူနေ မှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ခဲ့ကြပြီး ဆန်များကို မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာနမှတစ်ဆင့် မြို့နယ်များရှိ သမဝါယမအသင်းစုများအား ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်ကာလအတွင်း သမဝါယမအသင်းစုများမှ ပြည်သူ များအား သမဝါယမအခန်းကဏ္ဍဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)