လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အမျိုးသမီး အိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် မြိုင်ကြီးငူအထူးဒေသ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်-၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးမြသန္တာက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများအား ထူးချွန်ဆုပေးအပ်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေားဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်း သင်တန်းသူများ၏ လက်ရာများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၂၄)ဦးဖြင့် ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့မှ စတင်၍ (၁၈) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေ၊ အမျိုးသမီး အိမ်တွင်းမှု လုပ်ငန်းပညာသင်တန်းကျောင်းတွင် အခြေခံအိမ်တွင်းမှုသင်တန်း (၂၄)ကြိမ်၊ အဆင့်မြင့်စက်ချုပ်သင်တန်း(၂၃)ကြိမ်၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း(၂)ကြိမ်တို့ကို ဖွင့်လှစ်နိုင်ခဲ့ကာ သင်တန်းသူ(၁၃၉၄)ဦးအထိ အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)