လိပ်သိုမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

လိပ်သို  စက်တင်ဘာ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက် များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့အတွင်းရှိ အမှတ်(၄) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ ကလည်း အခြား သူများထံသို့ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရ ပါက ပါးစပ်နှင့် နှာခေါင်စည်း Maskကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာ၀တ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာ တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ကြပါရန်နှင့် သက်ကြီးရွယ်အို များနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍မိမိတို့ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံ ယူကြ ပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကို ကူစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအနေ ဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င်ကြစေရန်၊ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း  မပျက်မကွက် ထိုးနှံကြ ပါရန်  လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အသိပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)