ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ၏ စကားသံများ

ငါ့သရောက်    စက်တင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားရပြီးနောက် စနစ်တကျ ဆေးဝါးကုသမှု ခံယူပြီး၊ ပြန်လည်ကျန်းမာလာသူများ၏ ကျန်းမာရေးဆိုင်ရာ အတွေ့ အကြုံများကို ယမန်နေ့က ယခုလိုတွေ့ဆုံ မေးမြန်း သိရှိခဲ့ရပါတယ်။

၁။ ဒေါ်အေးစန်းကြည် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ငါ့သရောက်မြို့

  • ကျွန်မကတော့ ကိုယ်တိုင်ကလည်း ကျန်းမာရေးဝန်ထမ်း တစ်ဦး ဖြစ်တော့…ဒီရောဂါနဲ့ ပတ်သက်ပြီး တော်တော်ကို ဂရုစိုက်ခဲ့တာပါ။ ကာကွယ်ဆေးလည်း (၂)ကြိမ်လုံး ထိုးနှံပြီး သားပါ…။ ဒါပေမဲ့ ဘယ်လောက်ပဲ ဂရုစိုက်စိုက် အများပြည်သူနဲ့ ဆက်ဆံလုပ်ကိုင် နေရတာ ဆိုတော့ ကူးစက်ခံခဲ့ရတာပါပဲ..။ ကျွန်မအထင်တော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံတဲ့နေရာကနေ ကူးစက်ခံရ တယ်လို့ပဲ ထင်ပါတယ်…။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံပြီး သားဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရတဲ့အခါမှာ အရမ်းကြီး ဆိုးဆိုးဝါးဝါး မခံစားခဲ့ရပါဘူး…။ ရောဂါပိုးတွေ့ တယ်ဆိုတာနဲ့ တစ်ခါတည်း ဆေးရုံတက်ရောက်ပြီး, ကျန်းမာရေးဌာန ညွှန်ကြားချက်နဲ့အညီ ဆေးဝါးကုသမှု ခံယူခဲ့ပါတယ်..။ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ကတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကိုယ်အပူ ချိန်တိုင်းပါ တယ်..။ သွေးပေါင်ချိန် တိုင်းပါတယ်…အောက်ဆီဂျင် စစ်ပါတယ်..။ အစားအသောက်အနေနဲ့ကတော့ တစ်နေ့ကို သုံးကြိမ်ကျွေးပါတယ်…။ ကျွန်မက နှစ်ရက်/သုံးရက်လောက် ဖျားပါတယ်။အဖျားပျောက်တော့ အရ သာပျက်တယ်…အနံ့လည်း(၇)ရက်လောက် ပျောက်သွားပါတယ်…။ အသကရှူကြပ်တာ နဲ့ ရင်ဘတ်အောင့်တာ အနည်းငယ်တော့ ခံစားရပါတယ်…။ ကာကွယ်ဆေးထိုး မထားတဲ့ သူတွေကတော့ ကျွန်မတို့ ကာကွယ်ဆေးထိုး ပြီးသားလူတွေထက် ဒီရောဂါကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတာကို တွေ့ရပါတယ်…။ ဒါ့ကြောင့်လည်း အခု ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေ ထိုးသင့်တယ်လို့ ပြောကြားလိုပါတယ်…။

ဒေါ်နှင်းအိမာ(အမှတ်-၂ ရပ်ကွက်) ငါ့သရောက်မြို့

  • ကျွန်မ ကူးစက်ခံရတဲ့ အခြေအနေကတော့ တူမလေးအတွက် ဖိနပ်ဝယ်သွားရင်း ဖိနပ်ဆိုင် ကနေကူးစက်ခံရတာပါ။ ကျွန်မက အပြင်ထွက်တိုင်း Mask တပ်ပါတယ်…။ အိမ်ရောက်တော့ လက်ဆေးပါတယ်..။ အဝတ်တော့ မလဲခဲ့ပါဘူး။ စဖြစ်တာကတော့ ဖျားပါတယ်…။ လည်ချောင်းနာတယ်…တစ်ကိုယ်လုံးလည်း ကိုက်ခဲနေတယ်…ဒါနဲ့ ကိုဗစ်ပိုး စစ်ကြည့်တော့ ရောဂါပိုးတွေ့တယ်လို့ သိရပါတယ်…။ ကျွန်မ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားပါတယ်..။ ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့တယ်… အောက်ဆီဂျင် ကျတယ်…အသက်ရှူရတာလည်း မကောင်းဘူး..။ ဒါပေမဲ့ အဟာရရှိမဲ့အစားအစာတွေကို ကြိတ်မှိတ်ပြီး စားတယ်…အားဆေးတွေလည်းသောက်တယ်… အတတ်နိုင်ဆုံးစိတ်ကို ပျော်အောင်နေတယ်..။ Face Book ကြည့်ရင်လည်း ဟာသကား တွေကိုကြည့် တယ်…။ အနားယူတယ်…အိပ်ရေးဝဝအိပ်တယ်..။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တစ်သွေမတိမ်း လိုက်နာနေထိုင် စားသောက်ခဲ့တယ်…။(၁၇)ရက်ရှိတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့ပါတယ်..။ အခုလို အတွေ့အကြုံကို ပြန်လည် ပြောကြားခွင့်ရလို့ ဝမ်းသာတယ်…။

အေးအေးမိုး(ငါ့သရောက်)