လားရှိုး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ စက်တင်ဘာ(၁၉)ရက်နေ့ကစတင်ကာ အသက်(၅၅)နှစ်နှင့် အထက်ရှိသူ မည်သူမဆို ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအကြိမ်ထိုးနှံပေးမည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံနိုင်ပြီး လားရှိုးမြို့နယ်အတွက် ဆေးအလုံးရေ(၁၃၃၆)လုံးရရှိခြင်းမှ ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
ဆေးထိုးစုရပ်များအနေဖြင့် ယခင်ထိုးနှံပေးခဲ့သောနေရာများဖြစ်သည့် လားရှိုးပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)၊ အမှတ်(၅)ရပ်ကွက်ရှိ ကိုးချန့်စာသင်ကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့်ရွှေကြယ်ခန်းမရပ်ကွက်(၈) တို့၌ ဆေးထိုးနှံပေးသွားမည် ဖြစ်ပါသည်။
အသက်(၅၅)နှစ်နှင့်အထက်ရှိသူ မည်သူမဆိုလာရောက်ကာကိုဗစ်(၁၉)ကာကွယ်ဆေးကိုထိုးနှံနိုင်ပြီး ဆေးထိုးလာသည့်အချိန်တွင် မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပါသည်။ လားရှိုးမြို့နယ် အတွင်း ရှိကျေးရွာများ သို့လည်း မိုဘိုင်းစနစ်ဖြင့်ကွင်းဆင်းကာဆေးထိုးပေးမည်ဖြစ်ပြီး ကျေးရွာများမှ အသက်(၅၅)နှစ်နှင့်အထက်ရှိသူများသည် လားရှိုးပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)သို့လည်း သတ်မှတ်ထားသည့် စက်တင်ဘာလ(၁၉) ရက်နေ့နံနက်ပိုင်းမှစကာ လာရောက် ထိုးနှံနိုင်ကြောင်းလည်း သိရှိရပါသည်။
ယခုရရှိသော ဆေးခွဲတမ်းအလုံးရေ(၁၃၃၆)လုံးမှ လူဦးရေ(၆၆၈၀)ဦးထိုးနှံနိုင်မည်ဖြစ်ပြီး ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသည့်အချိန်မှစကာယခုအချိန်အထိ (၆)ကြိမ် မြောက်ရှိပြီဖြစ်ကြောင်း လားရှိုးမြို့နယ်ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံက သိရှိရပါသည်။
ဟန်ဌေး