ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း((VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မုန့်ပေါင်းကျေးရွာနှင့်ပေါက်ကုန်းကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသာ ကျေးရွာဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀) နှင့် ပြည်သူထည့်ဝင်ငွေများ၊ပြည်သူများ၏လုပ်အားများပါဝင်မှုဖြင့် အရှည်ပေ(၁၀၀၅)ပေ၊ အကျယ် (၁၂)ပေ၊ အမြင့်(၆)လက်မဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျေးရွာကော်မတီများဖွဲ့စည်းပြီး လမ်းအရည်အသွေး ကောင်းမွန်စေရေးအတွက် မြေပြင် ညီညာမှုရှိအောင်သဲ(၂)လက်မထုခင်း၍ အရှည်(၂၀)ပေ လမ်းပိုင်းများဖြတ်ကာ ဂျိုင်းဆက် များဖြင့် တုန်ခါစက် အသုံးပြု၍ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအဖြစ် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ပတ္တာ၊ ကျီးအိပ်၊ ဌက္ကတောင်၊ အနောက်ရွာနန်း၊ တောင်နောက်၊ သမန်းသာ၊ တံတားဦးလေး၊ တောင်နောက်၊ ညွှန့်ပင်၊ မြို့သာ၊ ကိုးပင်၊ ခတက်ကုန်း၊ မုန့်ပေါင်း၊ ပေါက်ကုန်းကျေးရွာနှင့် ရွာတော်ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)