မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မော်လမြိုင်     စက်တင်ဘာ     ၁၈

မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး  အောင်ဆန်းခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း  အစည်းအဝေး တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က   မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉   ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မပေါ့ဆကြစေလိုကြောင်း၊ RTD Test kit များဖြင့်   စနစ်တကျစစ်ဆေး ရန်လိုအပ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ကြ စေလိုကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအပေါ် လူဦးရေစာရင်းများ  တိကျမှန်ကန်အောင် ကောက်ယူစေလိုကြောင်း၊ အားလုံးဝိုင်းဝန်း ဆောင်ရွက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ကာကွယ်ဆေးထိုး စီမံချက်လုပ်ငန်းများတွင် အချက်အလက် မှန်ကန်မှုရှိရေး၊ All Inclusive ဖြစ်ရေးအတွက် မြို့နယ်များအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး  အားလုံးပူးပေါင်းပါဝင်  ဆောင်ရွက်ကြရန် မှာကြားသည်၊၊

မွန်ပြည်နယ်တွင်  ကိုဗစ်- ၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက်  လိုအပ်သည့် အောက်ဆီဂျင်ကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးအပါအဝင်   မြို့နယ်ပြည်သူ့ ဆေးရုံများ၊ ကုသရေးစင်တာများ၊ ပရဟိတ လူမှုအဖွဲ့များသို့    ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊  ကာကွယ် ဆေးများကိုလည်း ထိုးနှံပေးခဲ့ပြီး ဖြစ်သလို ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများကို မြို့နယ်များအလိုက် ထိုးနှံနိုင်ရေး စီစဉ်ထားကြောင်းနှင့်   ပြည်ပမှနေရပ်ပြန်  မြန်မာနိုင်ငံသားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း (ပြန်/ဆက်)