မင်းဘူး(စကု)မြို့နယ်တွင် ခဝဲပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မင်းဘူး   စက်တင်ဘာ   ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် မိုးစပါးများ စိုက်ပျိုးထားသည့်အပြင် ဟင်းသီးဟင်းရွက် သီးနှံဖြစ်သည့် ခဝဲပင်များပါ စိုက်ပျိုးထားသည့်အတွက် မိသားစု ဝင်ငွေ ရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ခဝဲစိုက်တောင်သူများ ထံမှသိရသည်။

ကျောက်တန်းကျေးရွာအနေနဲ့ စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း မိုးစပါးများ စိုက်ပျိုးရာတွင် မိုးရေအပြင် ရေလိုအပ်မှုရှိပါက မြေအောက်ရေတင်၍ စိုက်ပျိုးရသဖြင့် မြေကောင်းသော်လည်း ရေလိုအပ်ချက်များ ရှိသောကြောင့် စပါးစိုက်ပျိုးသူ နည်းပါးလျက်ရှိပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သီးနှံပင်များကိုသာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက် ရှိကြသည်။

''ကျွန်တော်အနေနဲ့ ဩဂုတ်လမှစ၍ မိုးစပါး ၁၀ ဧက စိုက်ပျိုးထားကာ စပါးမပေါ်ခင် ကာလများတွင် ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေစေရန် ခဝဲပင်နှင့် အခြားဟင်းသီးဟင်းရွက် အပင်များလည်း တို့တို့တိတိ စိုက်ပျိုး ထားသောကြောင့် စပါးစိုက်ခင်းများအတွက် ဆေးဖိုးနဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေပါတယ်"ဟု မင်းဘူး (စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ ခဝဲစိုက်တောင်သူ ကိုဌေးက ပြောသည်။

ခဝဲပင်များကို ဇူလိုင်လမှ စတင်စိုက်ပျိုးကာ ၀.၅ ဧကစိုက်ပျိုး၍ ၄၅ ရက်သားမှာ စတင်ခူးဆွတ် ရောင်းချရပြီး ခဝဲသီးတစ်တောင့်လျှင် ၁၁၀ ကျပ်ဖြင့် ဖောက်သည်ပေးရကြောင်း တစ်နေ့လျှင်ပျမ်းမျှ ခဝဲသီး ၇၅ တောင့် ဆွတ်ခူး ရောင်းချကာ ၂ ရက်တစ်ကြိမ် ခူးရောင်းရပြီး တစ်လလျှင် ငွေကျပ် ၁၂၀၀၀၀ ကျော်ဝင်ငွေ ရှိနေတာကြောင့် မိသားစု စားဝတ်နေရေးပါ အဆင်ပြေကြကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)