အမ်း စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကားပြောကြားပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် ထူးချွန်ဆုရ သင်တန်းသူတစ်ဦးအား ဆုချီးမြှင့် ပေးအပ်ခဲ့သည်။ မြို့နယ်အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးက သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်း တက်ရောက်ခဲ့သည့် အကျိုးကျေးဇူး များကို သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၂၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈) ပတ် ကြာမြင့်ခဲ့သည်။ သင်တန်းတွင် အမျိုးသမီး ငယ်များကို ကျောင်းအိပ်ကျောင်းစား အခမဲ့ဖြင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးပြီး အဆင့်မြင့် စက်ချုပ်ပညာကို စာတွေ့လက်တွေ့ သင်ကြားပေးသည့်အပြင် သင်တန်းပြီး စီးပါက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင် နိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။
အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ဝင်းအိမွန်