မြောင်းမြမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်း အစည်းအဝေးဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနေလင်းစိုးက ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာများ အား အဓိက(၄)ရွာနှင့် အရံ(၁)ရွာ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ (VDP)စီမံကိန်းဖြင့် ကျေးရွာ(၆၀)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းကျေးရွာ(၆၀)ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ခဲ့ သော ကျေးရွာများမှအပ (VDP)စီမံကိန်း၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာများအား ရွေးချယ်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝဲကလေးကျေးရွာအုပ်စုမှ ထန်းပင်ကုန်းကျေးရွာ၊ ကုန်းသာကျေးရွာအုပ်စုမှ တပင်ချောင်းကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စုမှ မီးသွေးချောင်းကျေးရွာ၊ ထော်ကလို့ကျေးရွာအုပ်စုမှ ထော်ကလိုကျေးရွာ၊ သရက်ကုန်းကျေးရွာ အုပ်စုမှ သရက်ကုန်းကျေးရွာ စသည့် ကျေးရွာများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ကျေးရွာများအဖြစ် ကနဦး လျာထား ရွေးချယ်သတ်မှတ်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကေခိုင်စိုး