ငပလီမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား (ပထမအကြိမ်) ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ငပလီ စက်တင်ဘာ ၁၈

ငပလီမြို့တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူနှင့် ဦးစာပေးအဆင့်အလိုက် ဒုတိယအသုတ် ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်အမက(မူလွန်) ကျောင်းတွင် စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။         

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ကြီဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျှက်ရှိပြီး လာရောက်သူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်းရေးသွင်းပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးတွင်းအောင်ဆီဂျင် တိုင်းတာ ခြင်းများ ဆောင်ရွက်ပြီးမှသာ သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကာ ထိုးနှံပြီးသူများကိုမိနစ် (၃၀) ခန့်အကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ငပလီမြို့ရှိ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ ဈေးရောင်းသူ များ၊ ဆိုင်ကယ် ကယ်ရီမောင်းနှင့်သူများ၊ အခြေခံလူတန်းစားများကို စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒုတိယမြောက်နေ့တွင်လည်း အသက် (၅၅) နှစ်မှာ (၆၆) နှစ်အတွင်းရှိ ပြည်သူ (၃၃၃) ဦး၊ အသက် (၆၅) နှစ်နှင့်အထက် (၈၅) ဦး၊ မသန်စွမ်းသူ (၂) ဦး၊ နာတာရှည်နှင့် မကူးစက်ရောဂါရှိသူများ (၁၅) ဦး စုစုပေါင်း (၄၃၅) ဦးရှိပြီး စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၈၀၀) ဦးအထိ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ရန်ငြိမ်း