ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပေါက်      စက်တင်ဘာ    ၁၈

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများကို စက်တင်ဘာ ၁၆ ရက်  နံနက်ပိုင်းကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

 ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်  ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ဆေးထိုး စုရပ်အဖြစ် ပြင်ဆင်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။ 

ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် အချိန်တွင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)