ကျောက်ဖြူ စက်တင်ဘာ ၁၈
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းနေ မခင်လင်းလင်းက “သမီးက ဒီကျောက်တစ်လုံး IDPs Camp မှာ ကိုဗစ် ကာကွယ်ဆေးကို ပထမအကြိမ် လာရောက်ထိုးနှံတာ ဖြစ်ပါတယ်၊ အမီးအသက်က ၂၀ နှစ်ရှိပါပြီ၊ ဒီဆေးထိုးပြီးတဲ့ အချိန်မှာ မူးဝေတာတို့၊ နာကျင်ကိုက်ခဲတာတို့မရှိခဲ့ပါဘူး၊ ဒီ Camp ထဲမှာနေတဲ့ သမီးတို့လို အသက် ၁၈ နှစ်အထက်ရှိပြီး အကျုံးဝင်တဲ့သူတွေကို ထိုးနှံပေးတဲ့အတွက် အထူးပဲ ဝမ်းသာမိပါတယ်၊ ပထမအကြိမ်ဆေးထိုးပြီးပြီဖြစ်လို့ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်မှု ရှိလာသလို ခံစားရပါတယ်၊ ပြီးတော့ ကူညီလုပ်ကိုင်ပေးတဲ့ Volunteer များကိုလည်း ကျေးဇူးတင်ပါတယ်၊ သမီးအနေနဲ့ပြောချင်တာကတော့ နိုင်ငံတော်အစိုးရကနေ ဒီကာကွယ်ဆေးတွေကို ထိုးခွင့်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို အထူးကျေးဇူး တင်ပါ တယ်ရှင့်” ဟု ပြောသည်။
ဆက်လက်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက် ၆၉ နှစ်အရွယ် ဦးတင်ထွန်းကလည်း “ဦးလေးတို့ ဒီ IDPs Camp မှာ ကျန်းမာရေးဌာနက ဆေးလာရောက်ထိုးနှံပေးတာ နှစ်ကြိမ် ရှိပါပြီ၊ အဲ့ဒီ အချိန်တုန်းက ဦးလေးက နေမကောင်းဖြစ်နေတာနဲ့ ဆေးမထိုးဖြစ်လိုက်ဘူး၊ ခုအခါမှာ ကျန်းမာရေး ကောင်းသွားပြီဖြစ်လို့ လာရောက်ထိုးနှံတာဖြစ်ပါတယ်၊ ဒီဆေးထိုးပြီးပြီ ဖြစ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည် မှုရှိတယ်လို့ ခံစားမိပါတယ်၊ ဆေးလာရောက်ထိုးနှံပေးတဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့ နိုင်ငံတော် အကြီးအကဲတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်၊ ဒီဆေးက ငွေကြေးနဲ့ဝယ်ယူလို့မရပါဘူး၊ ဒါကြောင့် ဒီ Camp ထဲမှာနေတဲ့ သူတွေကိုလည်း ကာကွယ်ဆေး လာရောက်ထိုးဖို့အတွက် ဦးလေးအနေနဲ့ အိမ်တိုင်ရာရောက် သွားပြီးတော့ ဆေးလာထိုးကြပါ၊ ထိုးကြပါ လို့ဦးလေးက အမြဲတန်းသူတို့တွေကို ပြောပါတယ်” ဟု၎င်းက ပြောကြားသည်။
အဆိုပါ ခိုလှုံရာစခန်းမှ အသက် ၆၅ နှစ်အထက်ရှိ ပြည်သူ ၂၁ ဦးကို သြဂုတ်လ ၄ ရက်နေ့မှစ၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံပေးထားပြီးဖြစ်ကာ ယခုအခါ အသက် ၁၈ နှစ် အထက်ရှိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအား ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး ယနေ့ မွန်းလွဲပိုင်း အချိန်အထိ ဆေးလာရောက်ထိုးနှံသူ ၁၉၂ ဦးရှိကြောင်း၊ ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ ထို့နောက် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့၊ ယာယီရဲမှူး တင်မောင်ဆွေနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းတို့က အနီးကပ်ကြီးကြပ်ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရိရသည်။
တင်ထွန်းဦး