မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော မိဘပြည်သူများကို ယခုလ ၁၈ ရက်မှ စတင်ကာ ထိုးနှံပေးသွားမည်

မင်းဘူး          စကတင်ဘာ             ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော မိဘပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၈ ရက် (မနက်ဖြန်) နံနက် ၈ နာရီအချိန်မှ စတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်းက ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးတဲ့ မိဘ ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးကို စီစဉ်ဆောင်ရွက် နေတာပါ။ ကာကွယ် ဆေးထိုးနှံကြဖို့ကိုလည်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေက မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသံချဲ့စက်နဲ့ အသိပေးနှိုးဆော်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အနေနဲ့ Sinopharm အမျိုးအစား ကာကွယ်ဆေးအလုံးပေါင်း (၂၁၀၀) ခွဲတမ်းရရှိပြီးတော့ ထိုးနှံပေးသွားမှာပဲဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးတင်မြင့်က ပြောသည်။

 

မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးရာတွင် နေ့စဉ် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) အမျိုးအစား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေး လာရောက် ထိုးနှံကြများ လွယ်ကူအဆင်ပြေချောမွေ့စွာ ထိုးနှံပေးနိုင်းရေးတို့အတွက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)