ပခုက္ကူ စက်တင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းနိုင်ငံရှိ ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေနှင့် မျိုးချစ်စိတ် ရှိမှု/မရှိမှု အခြေအနေတို့ ကိုတိုင်းတာခြင်းဖြင့် သိရှိနိုင်ကြောင်း၊ ယခုလို အမျိုးသမီးများအား အသိပညာ၊ အတတ်ပညာ သင်ကြားပေးသည့် သင်တန်းမျိုး အများအပြား လိုအပ်ကြောင်း၊ ယခုတတ်မြောက်သည့် အဆင့်မြင့်အပ်ချုပ်ပညာရပ်များကို မိမိနေရာဒေသများတွင် အမှန်တကယ်အကျိုးရှိစွာ ပြန်လည်အသုံးချတတ်ရန်လိုအပ်ကြောင်း တို့ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးတင့်လွင်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် ထူးချွန်ဆု ရရှိသည့် ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာနေ သင်တန်းသူ မမိုးမိုးဝေအား ဆုချီးမြှင့်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းသူများက ဒီဇိုင်းမျိုးစုံ ဖန်တီးပုံဖော်ထားသည့် အဝတ်အစားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးကြသည်။
အဆိုပါသင်တန်းကို ၂၀၂၁-ခုနှစ်၊ မေလ ၁၇ရက်နေ့မှ စက်တင်ဘာလ ၁၇ရက်နေ့အထိ စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသူ(၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး