အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

အမ်း  စက်တင်ဘာလ ၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့ရက် နံနက်(၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်းသိရှိရသည်။

သင်တန်းဆင်းပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က အမှာစကားပြောကြားပြီး အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် ထူးချွန်ဆုရ သင်တန်း သူတစ်ဦးအား ဆုချီးမြင့်ပေးအပ်ခဲ့သည်။

 မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးက သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်း တက်ရောက်ခဲ့သည့် အကျိုးကျေးဇူးများကို သင်တန်းသူ တစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၂၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၁၈)ပတ် ကြာမြင့်ခဲ့သည်။ သင်တန်းတွင် အမျိုးသမီးငယ်များကို ကျောင်းအိပ်ကျောင်းစား အခမဲ့ဖြင့် သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးပြီး အဆင့်မြှင့် စက်ချုပ် ပညာကို စာတွေ့လက်တွေ့ သင်ကြားပေးသည့်အပြင် သင်တန်းပြီးစီးပါက အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် ကိုယ်ပိုင်လုပ်ငန်းများလုပ်ကိုင်နိုင်ရန်ဖြစ်ကြောင်းသိရှိရသည်။

အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းမှ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ဝင်းအိမွန်