ဂွ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ်၊ ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန် လာသည့်သူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
ဒေါ်မိုးမိုးအောင်၊ မြို့မ ရပ်ကွက်၊ ဦးဥတ္တမလမ်း
ကျွန်မကတော့ မမိုးမိုးအောင်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ဂွမြို့၊ ဦးဥတ္တမလမ်းမှာနေပါတယ်၊ ကိုဗစ်-၁၉ရောဂါ ဘယ်လိုစဖြစ်လဲဆိုတော့ တစ်ခြားရောဂါပိုးရှိတဲ့လူတွေနဲ့ ထိတွေ့တာ မဟုတ်ပါဘူး။ အိမ်မှာနေရင်း နှာဆေးပြီး ကိုယ်တွေလက်တွေ ကိုက်ခဲတဲ့ပုံစံနဲ့ တစ်ရက်ဖျားလိုက်တယ်၊ နောက်ရက်ကျတော့ အဖျားကောင်းပြီး နှစ်ရက်အကြာမှာ အနံ့ပျောက်သွားတယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးပါပြီ။ ဆေးရုံကိုဖုန်းနဲ့ ဆက်သွယ်လိုက်တော့ ကိုယ်ရေးအချက်အလက်တွေကို တာဝန်ရှိတဲ့သူတွေက ယူသွားပြီး ပိုးစစ်ဖို့လာခေါ်မယ်လို့ ပြောပါတယ်။ အနံ့ပျောက်သွားတာနဲ့ လာမခေါ်ခင်အချိန်အထိ အိမ်ကလူတွေနဲ့ခွဲပြီး နေလိုက်တယ်။ အဲဒီမနက်မှာပဲ ဆေးရုံသွားပြီး စစ်လိုက်တာမှာ စစချင်းကြောက်စိတ်တော့ ဖြစ်မိတယ်။ ပိုးစစ်ဖို့လာတဲ့လူတွေက ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ မနည်းများတော့ ကြောက်စိတ်နည်းနည်း ပျောက်သွားတယ်။ စစ်ကြည့်တော့ ကိုဗစ် positive ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ပိုးတွေ့တာနဲ့ပဲ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ စင်တာမှာတစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီကြတယ်။ စင်တာရောက်တဲ့သူတွေမှာ ညီမက ကိုဗစ်ကာကွယ်ဆေး ထိုးထားလို့လားတော့မသိဘူး ဖျားတာလည်း မဖြစ်ဘူး၊ မောတာလည်းမဖြစ်ဘူး၊ အောက်ဆီဂျင်က အမြဲ(၉၉)ပဲရှိတယ်။ သွေးပေါင်တော့ နည်းနည်းကျတယ်၊၊ စင်တာမှာအခန်းတွေက ကျယ်ပါတယ်။ တစ်ခန်းမှာလေး ငါးယောက်လောက်နေရတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာနေရတယ်၊ အမြဲMaskတပ်ထားတယ်။ ညီမကဘာမှ မခံစားရဘူးဆိုတော့ ဆေးကနှစ်မျိုးပဲ သောက်ရတယ်။ ထမင်းစားဖို့ စီစဥ်ပေးပေမယ့် ညီမကမြို့ပေါ်မှာ နေတာဆိုတော့ အိမ်ကထမင်းမှာစားလိုက်တယ်။ ဆရာဝန်ကြီးက နှစ်ရက်ခြားတစ်ခါ ကျန်းမာရေး အခြေအနေတွေကို စစ်ပေးပါတယ်။ အဲဒီမှာညီမတစ်ပတ်လောက် အနံ့ပျောက်ပြီးမှ အနံ့ပြန်ရတယ်။ စင်တာမှာ(၉)ရက်နေခဲ့ရပြီးမှ အိမ်ပြန်ရပါတယ်။ အိမ်မှာ(၂၁)ရက်ဘယ်မှ မထွက်ဘဲနေခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုလည်း ထိုးသင့်တယ်လို့ ထင်ပါတယ်။ ညီမကိုယ်တိုင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့အတွက်ကြောင့် ရောဂါဖြစ်လာတဲ့အခါမှာ မထိုးထားတဲ့သူတွေထက် ပိုပြီးခံနိုင်ရည်ရှိတယ်။ ဒီဆေးက ၁၀၀% မကာကွယ်နိုင်ဘူးဆိုရင်တောင်မှ ၉၀%ကျော်လောက်တော့ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားလို့သူများတွေလောက် ဘာမှမဖြစ်ဘူး၊ အနံ့ပျောက်တာလေးပဲရှိတယ်။ မောလည်းမမောဘူး၊ အောက်ဆီဂျင်လည်းမကျဘူး။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တယ်လို့ထင်ပါတယ်။ ထိုးဖြစ်အောင် ထိုးနှံကြဖို့လည်း တိုက်တွန်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးထွန်းအောင်၊ရွာမရပ်ကွက်၊ မင်္ဂလာလမ်း
ဦးလေးကတော့ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းက ဦးထွန်းအောင်ဖြစ်ပါတယ်။ ဆေးရုံတက်ရတာက ဖျားလို့တက်ရတာ။ ဆရာဝန်ကြီးထံသွားပြီး စစ်ဆေးခဲ့တယ်။ ပိုးတွေ့တယ်ဆိုပြီး ဆေးရုံဝင်ရတယ်။ ဆေးရုံမှာ(၈)ရက်နေရပေမယ့် ဘာမှမခံစားရဘူး။ သက်သက်သာသာပဲ။ အောက်ဆီဂျင်တိုင်းရင်လည်း အပြည့်ရှိတယ်။ ဦးလေးက ကိုဗစ်ကာကွယ်ဆေးကို (၂)ကြိမ်အပြည့်အဝ ထိုးနှံထားပြီး ဖြစ်ပါတယ်။ ပိုးတွေတယ်ဆိုလို့သာ ဆေးရုံတက်ရတာ။ ဘယ်လိုမှမခံစားရဘူး။ ဆေးရုံမှာရှိတဲ့ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေကလည်း လိုက်လိုက်လျောလျောရှိတယ်။ သက်သက်သာသာနေရတယ်။ ကာကွယ်ဆေး ထိုးထားတဲ့အတွက်ကြောင့် ဆေးရုံမှာ ဘယ်လိုမှမခံစားရဘူး။ သက်သက်သာသာနဲ့ပဲ ဆေးရုံဆင်းတယ်။ အခြားသူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးကိုလည်း မဖြစ်မနေ ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- ဒေါ်ရွှေရည်ဝင်းကျော်