ပွင့်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း နေ့စဉ်မိုးများရွာသွန်းနေသဖြင့် ဒေသခံ တောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုရှိနေပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ဆက်လက် ရေကျော်ကျ လျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
“ယခုရက်ပိုင်း မိုးရွာသွန်းမှုတွေစိပ်နေတဲ့အတွက် ကြီးအုံကြီးဝတမံမှာ မိုးရေဝင်ရောက်မှု ရှိပြီးတော့ တမံရေပိုလွှဲမှ ရေကျော်ကျမှုတွေ ရှိပါတယ်။ ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာမှာ တမံရေပြည့်မှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ ၂ ဒသမ ၇ ပေခန့် ရေကျော်ကျမှု ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်ဖွယ်ရာ အခြေအနေတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံရေဝင်ရောက် အခြေအနေနဲ့ တမံရဲ့ကြံ့ခိုင်မှုတွေကို နေ့စဉ်မပြတ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နောက်ပြီး ဒေသခံ ပြည်သူတွေကိုလည်း တမံရေဝင်ရောက်မှု အခြေအနေနဲ့ ရေပိုလွှဲကနေ ရေကျော်ကျမှု အခြေအနေတွေကို နေ့စဉ် အွန်လိုင်းကနေ ကြိုတင်အသိပေးနှိုးဆော်ထားပါတယ်” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောကြားသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း သိရကာ ယခုရက်ပိုင်း အဆက်မပြတ် မိုးများရွာသွန်းနေသဖြင့် တမံအတွင်း ရေဝင်ရောက်မှုရှိသော်လည်း ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)