တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ပထမအကြိမ် ကာကွယ်ဆေးများ ဒုတိယနေ့ဆက်လက်ထိုးနှံပေး

တောင်တွင်းကြီး စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်သာသနာ့ဗိမာန်ခန်းမနှင့် အခြားဆေးထိုးစုရပ်နေရာများခွဲကာ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နေကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံရမည့်အချိန်တွင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)