ကျွန်းလှမြို့နယ်၌ မိုးစပါး ၃၄၈၉၅ ဧက လျာထားချက် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

ကျွန်းလှ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးပိုမိုရွာသွန်း ခြင်းကြောင့် မိုးစပါး ၃၄၈၉၅ ဧက လျာထားချက် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ပြီး လျာထားချက် ကျော်လွန်အောင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြိုနယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီထံမှ သိရသည်။

ကျွန်းလှမြို့နယ် အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် မျိုးလေးမျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ ဧရာမင်း ၁၄၅၀၀ ဧက၊ ဆင်းသုခ ၁၆၃၇၈ ဧက၊ မနောသုခ ၁၁၆၆ ဧက၊ ရွှေသွယ်ရင် ၂၈၅၁ ဧက စုစုပေါင်း ၃၄၈၉၅ ဧက စိုက်ပျိုးပြီးကြောင်း၊ တောင်သူများ SRI စိုက်နည်းစနစ်၊ Seeder စိုက်နည်းစနစ်၊ ပေါင်ပျိုး စိုက်နည်းစနစ်များ အသုံးပြု စိုက်ပျိုးလာကြကြောင်း၊ မျိုးစေ့ထုတ်ကွက် ဧက ၁၅၀ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 မိုးစပါးသီးနှံ အထွက်နှုန်းတိုးတက်ရေးအတွက် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းဝန်ထမ်းများက သိပ္ပံနည်းကျ ၁၄ ချက်နှင့်အညီ စိုက်ပျိုးရေး၊ သဘာဝ မြေဩဇာသုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေး ပြုလုပ် သုံးစွဲရေး၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း စနစ်လိုက်နာကျင့်သုံးရေးတို့ကို ကွင်းဆင်း အသိပညာ ပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို