ကျိုက်မရော၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး စတုတ္တနေ့အဖြစ် မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်အထက်ရှိသူများအား ဦးစားပေးထိုးနှံပေး

ကျိုက်မရော စက်တင်ဘာ ၁၇

ကျိုက်မရောမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်း ပြည်သူများ၊ ရောဂါအခံရှိ၍ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသင့်သူများအား စတုတ္တနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အနီးကပ် ကြီးကြပ်ပြီး စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ယနေ့ ကာကွယ်ဆေးထိုးနှံရာ ဆေးထိုးစုရပ်(၈)ခုတို့၌ ဦးတည်အုပ်စုများအလိုက် ဦးစားပေး အဆင့်များ သတ်မှတ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများနှင့် အသက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ဦးတည်အုပ်စုများရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအချိန်ထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး  (ပြန်/ဆက်)