စစ်တွေ စက်တင်ဘာ ၁၇
စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteers)များနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက် ခွင့်ပြုကြောင်း သိရသည်။
စစ်တွေမြို့တွင် ကာကွယ်ဆေးထိုးနှံခြင်းကို စစ်တွေမြို့အမှတ်(၂) အခြေခံပညာ အထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဦးဥတ္တမခန်းမ၊ စစ်တွေတက္ကသိုလ် (အားကစားရုံ)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် ခိုင်သဇင်ပန်းခြံ ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုအပ်သော ကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဌာနဝန်ထမ်းများက မိမိတို့တာဝန်ကျရာစုရပ်များ သို့သွားရောက်၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးကြကာ ကာကွယ်ဆေး ထိုးနှံရန်လာ ရောက်ကြသည့်ပြည်သူများ အဆင်ပြေစေရန်အတွက် လိုအပ်သည့် ကိစ္စရပ်များကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)