ပြည် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အကြောင်းအရာ များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြို့နယ်လဝကမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သီရိခေတ္တရာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလာရောက်သူများနှင့် ကူညီဆောင်ရွက်သူပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ထုတ်ဝေသည့် "ပန်းခင်းစီမံချက်" အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်တွင် - ပန်းခင်းစီမံချက် ဆောင်ရွက်မည့် လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ (၅)ဦးကော်မတီ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများ၊ အိမ်ထောင်စုလူဦးရေစာရင်း စိစစ်အတည်ပြု ထုတ်ပေးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အိမ်ထောင်စုလူဦးရေ စာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ အစရှိသည့် ပန်းခင်းစီမံချက်၏ သိမှတ်ဖွယ်ရာ အကြောင်းအရာများ ပါဝင်သည်။
ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် ယခုနှစ် မေ ၃ရက်မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၃ရက်အထိ ကာလသတ်မှတ်ထားရှိပြီး ယင်းစီမံချက်သည် မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းဖြစ်ကြောင်း မြို့နယ်လဝကရုံးမှ သိရသည်။
ကိုဆက်