ပြည်မြို့‌တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးနည်းလမ်းများကို မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်

ပြည်  စက်တင်ဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နေ့စဉ်တွေ့ရှိမှု မြင့်တက်လာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက် ပြည်သူများအား  နေအိမ်တွင် နေထိုင်ရေး(Stay at home)နှင့်  ရောဂါကူးစက် ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  ဝန်ထမ်းများက  မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် ယနေ့နံနက် ၁၀ နာရီက လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ယင်းသို့ လှည့်လည်နှိုး‌ဆော်ရာတွင် ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (mask)ကို စနစ်တကျတပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ (faceshied)ကို တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ  စနစ်တကျ မကြာခဏ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများ သို့သွားရောက်ခြင်းမှအတက်နိုင်ဆုံးရှောင်ကြဉ်ရန်၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးခြားခွဲခြား နေထိုင်စေခြင်း (quaratine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask)မတပ်သော စျေးရောင်း သူများထံမှ စျေးမဝယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြရန်၊ ကာကွယ် ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုယ်ပူခြင်း၊  ချောင်းဆိုးခြင်း၊ အသက်အရှုကြပ်ခြင်း၊ အားအင် ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန်စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုမူ နေထိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။