ဝန်းသိုမြို့နယ်တွင် ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်

ဝန်းသို စက်တင်ဘာ ၁၇

ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်၊ ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား လာစေရန်နှင့် ရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍  ရေပေးရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း၊ ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဦးစီးဌာနမှ  ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သော ကျေးရွာ ၆ ရွာမှ သင်တန်းသား သင်တန်းသူ ၂၄ ဦး တက်ရောက်ခဲ့ပြီး ရေအရင်းအမြစ်နှင့် စက်ရေတွင်းပြင်ဆင်ထိန်းသိမ်းခြင်း၊ ရေဖိုးရေခ ကောက်ခံခြင်းနှင့် စာရင်းပြုစု ထိန်းသိမ်းခြင်း သင်ခန်းစာများ၊ ကျေးရွာအဆင့် ခေါင်းဆောင်မှု အရည်အချင်း၊ စွမ်းဆောင်ရည်မြင့်မား လာစေရန်အတွက် သင်ခန်းစာများ၊ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာပါလုပ်ငန်းစဉ်များ စသည့် သင်ခန်းစာတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဇာဇာထွန်းနှင့် ဒေါ်အိမွန်ဟိန်းတို့က တစ်ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ တင်လှိုင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူတို့က တက်ရောက်ခဲ့ကြပြီး ရေရရှိရေးလုပ်ငန်း အပ်နှံခြင်းမှတ်တမ်းလွှာ၊ အသိပညာပေးဗွီနိုင်းပိုစတာများ၊ ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖြစ်စေရေး အသိပညာပေး လက်စွဲ စာအုပ်များကို သင်တန်းသား၊ သင်တန်းသူ ကျေးရွာရေကော်မတီဝင်များထံသို့ တာဝန်ရှိသူများက အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မြိုင်